နေ၀န်ချိန်တိုင်း လက်ပိုက်ပြီး အင်္ဂလိပ်ကို မေတ္တာပို့ခဲ့တဲ့ အကျဉ်းစံ သီပေါဘုရင် 26 October,

Monday, October 25, 2010


''ဘုန်းတော်ကြီးဘုရားဟာ နေ့တိုင်းပဲ မေတ္တာပို့တယ်၊ ညနေတိုင်း နေဝင်ချိန်မှာ လက်ပိုက်ပြီး မေတ္တာပို့ နေတော်မူတယ်။ အဟံ၊ အကျွန်ုပ်သည်လို့ ဆိုလိုက်တာများ သိပ်နားထောင် ကောင်းတာပဲ။ အင်္ဂလိပ်ဟာ ငါတို့ရန်သူတဲ့။ သူတို့ကြောင့် ဆွေမျိုး၊ စည်းစိမ်၊ ဥစ္စာနဲ့ တိုင်းပြည်ကို ပစ်ခဲ့ရတယ်လို့ ပြောပြီး နေဝင်ချိန်တိုင်း လက်ပိုက်ပြီး အင်္ဂလိပ်ကို မေတ္တာပို့နေတယ်''

အဆိုပါ စကားများကို ပြောသူမှာ သီပေါမင်း၏ တတိယသမီးတော် ဖြစ်သည်။ ဆရာမကြီး ဂျာနယ်ကျော်မမလေးမှ ထိုစဉ်ကပြင်ဦးလွင်တွင် သွားရောက်တွေ့ဆုံကာ မေးမြန်းခဲ့စဉ်က ပြောကြားခဲ့သော စကားများ ဖြစ်သည်။ ဆရာမကြီး ဂျာနယ်ကျော်မမလေးသည် ရှုမဝမဂ္ဂဇင်း (!၁၉၅၉၊ဒီဇင်ဘာလ) ထုတ်တွင် ရေးသားခဲ့သည့် မန်းရာပြည့်တစ်ရာပွဲတွင် ဆောင်းပါးကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ သီပေါဘုရင်နှင့် ပတ်သက်၍ဖော်ပြရာတွင်

''သီတင်းကျွတ်နဲ့တန်ခူးလတိုင်း ပွဲလုပ်တယ်။ လူတွေအားကြီး လာကြည့်တယ်။ မဏ္ဍပ်ပုံစံကို ဘုန်းတော်ကြီးဘုရားက ပုံရေးသနားတော်မူပြီး ပြသာဒ်ကြီးတွေ အထပ်ထပ်လုပ်တာ တကယ့်အိမ်ကြီးပဲ။ မုခ်လေးမုခ်နဲ့ လုပ်ထားတယ်။ တကတဲ ရွဲလုံးတွေဆွဲလို့ ဘုန်းတော်ကြီးဘုရားဟာ လက်သမားလည်း ကောင်းကောင်းတတ်တယ်''

''ဘုန်းတော်ကြီးဘုရားဟာ စောင်းကောက်လည်း တီးတယ်။ စန္ဒရားလည်းတီးတယ်။ စန္ဒရားကြီး လေးလုံးတောင် ရှိတယ်။ ဘုန်းတော် ကြီးဘုရားက စန္ဒရားတီးပြပြီး သီချင်းသံကို တယောနဲ့ လိုက်ယူခိုင်းတယ်။ စန္ဒရား တီးနေတော်မူတဲ့အခါများ ဆိုရင် အမလေး သိပ်သာယာတော်မူတာပဲ''

သီပေါဘုရင် နတ်ရွာစံပုံနှင့် ပတ်သက်၍ ဖော်ပြထားရာတွင် သမီးတော်များအတွက် နှလုံးရောဂါရကာ နတ်ရွာစံရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ ဆရာမကြီးဂျာနယ်ကျော်မမလေးသည် သီပေါဘုရင်နတ်ရွာစံရခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ''ဘုန်းတော်ကြီးဘုရား နတ်ရွာစံတော့ အလောင်းတော်အတွက် ငွေငါးထောင်ကျပ်တောင်းတာ တော်တော်နဲ့ အင်္ဂလိပ်ကမပေးလို့ နှစ်လလုံးလုံး အလောင်းကို ဒီအတိုင်းပဲထားရတယ်။ ခေါင်းကို ရွှေမှိုကြီးတွေရိုက်ပြီး ခေါင်းရင်းတော်က ကမ္ပည်းတော် ထည့်တယ်။ အဝေးရောက်သွားတဲ့ ပထမနဲ့ဒုတိယ သမီးတော်ဆီကို သံကြိုး ပို့လိုက်တော့ မလာနိုင်ဘူးလို့ သံကြိုး ပြန်တယ်။ ဗမာဆိုလို့ ဘယ်သူမှမရှိဘူး။ စုဖုရားနဲ့ စတုတ္ထသမီးတော် ထိပ်စုဘုရားလေးရယ်၊ သံတော်ဆင့်ဦး အော်ရော်ရယ် ဒါပဲရှိတယ်။ ည(၁၂) နာရီမှာနတ်ရွာစံရှာတယ်။ နတ်ရွာလည်းစံရော စုဖုရားတို့ အားလုံး ဒုက္ခ ဖြစ်ကုန်တာပဲ။ အိမ်တော်မှာ စောင့်တဲ့ ပေါ်လီးတီးကား(PoliticalOfficer)က ကုလားအစေခံတွေကို လိုချင်တဲ့သမီးတော်ကို ယူနိုင်တယ်။ ယူကြလို့ အခွင့်ပေးလိုက်တော့ စုဖုရား ထမင်းစားနေတဲ့ အခန်းထဲမှာ ကုလားအစေခံက အတင်းဝင်လာပြီး ဆွဲတာပါပဲ။ စုဖုရား ငိုတာပေါ့''ဟု ပြောရင်း မျက်ရည်များ စီးကျလာလေကာ ငိုသံပါကြီးဖြင့် ဆက်လက်၍ ပြောသွားပြန်လေသည်။

''ဟဲ့ ကုလားစုတ်၊ ငါတို့ခွေးလား အဝတ်စုတ်လားဟင်''ဆိုတော့ ကုလားက ''နင့်ကိုငါယူမယ်''ဆိုပြီး အတင်းဆွဲတာပဲ။ စုဖုရားကလည်း အားရှိသမျှရုန်းတာပဲ။ လက်ကိုသွေး ခြေတွေဥသွားတာပဲ။ နောက်တော့ ကုလားကအတင်း ချိုင်းကြားကဆွဲမတော့ ရုန်းရင်းပဲကြမ်းပေါ် လဲကျသွား တယ်။ ကုလားက စုဖုရားကိုယ်ပေါ် မှာ အတင်းတက်ဖိထားတုန်း စုဖုရားက 'ကယ်တော်မူကြပါ'လို့ အသံကုန်အော်တော့တာပဲ။ စုဖုရားတို့မွေးထားတဲ့ခွေးကြီးတွေ အားလုံး (၁ဝ)ကောင် ရှိတယ်။ ခွေးတွေက ကုလားကိုဝိုင်းဆွဲကြ၊ ကိုက်ကြတော့မှ အာယားမက ပြေးလာတယ်။ ဒီတော့မှ ကုလားလက်က လွတ်သွားတယ်။ မယ်တော်ဘုရားက ပြေးလာပြီး စိတ်ဆိုးတော်မူလွန်းလို့ ကုလားကို သံပုံးနဲ့ ပေါက်တယ်။ 'နင်ထွက်သွား'လို့ အော်တယ်။ ဒီကုလားစော်ကားလို့ ထုတ်ပစ်တာ။ Political ကမထုတ်ရဘူးတဲ့။ နတ်ရွာလည်းစံရော ကုလားတွေ ဝိုင်းစော်ကား လိုက်ကြတာ။ စုဖုရားလည်း ကြောက်လွန်းအားကြီးလို့ တုန်ပြီး တစ်ခါတည်း တက်သွားပြီး လူမှန်းမသိမေ့သွားတယ်။ စတုတ္ထသမီးတော်က သတ္တိအင်မတန် ရှိတယ်။ စုဖုရားက သိပ်ကြောက်တတ်သလောက် သူက သိပ်သတ္တိရှိတယ်။ သူ့ကိုလာဆွဲမယ် လုပ်နေတဲ့ ကုလား အစေခံတွေကို ဓားကြီးဆွဲပြီး 'လာစမ်းပါစေ လာခဲ့စမ်း'နဲ့ ကြိမ်းပြီး ဓားကြီးတဝင့်ဝင့်နဲ့ အနားကပ်ရင်ခုတ်ဖို့ တစ်ခါတည်းရွယ်နေတယ်။ သံတော်ဆင့် မင်းဦးအော်ရော်ကလည်း အဘိုးအိုကြီး။ ဘာမှမတတ်နိုင်ဘူး။ အရှင်မိဖုရားခေါင်ကြီးက ရန်ကုန်က ကိုဘရှင်ဆီကို ချက်ချင်းသံကြိုးရိုက်တယ်။ ဘုန်းတော်ကြီးဘုရားနတ်ရွာစံပြီး သမီးတော်တွေကို ကုလားအစေခံတွေက ဆွဲကုန်ပြီလို့ သံကြိုးရိုက်တော့ သမာဓိမြို့ဝန် ကိုဘရှင်ဆီက

''မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ရှိပါသေးတယ်။ ဘာမှအားမငယ်ပါနဲ့''လို့ သံကြိုးပြန်တယ်။ ကျွန်မမှာ နားစိုက်ထောင်နေရင်း ဆိုးရွားလှသောအဖြစ် အပျက်များကို ရုပ်ရှင်ကားကြည့်နေ သကဲ့သို့ပင် မြင်နေသည်။

ကုလားအစေခံတွေက စော်ကားမော်ကား ပြုကျင့်နေကြပုံကို ထွေးလားလုံးလား မြင်မိလျက် ရင်ထဲ၌ လှိုက်ဖိုလျက် နေလေတော့သည်။

''စုဖုရား ကုလားစော်ကားပြီး လန့်သွားလိုက်တာ၊ သွေးပျက်ပြီး ရူးသွားလိုက်တာ ဆရာဝန်နဲ့ တစ်နှစ်သုံးလ ကုရတယ်။ ဆရာဝန်က ပြောတယ်။ စုဖုရား သိပ်ကြောက်တတ်တာဟာ အင်္ဂလိပ်က ဖမ်းလာတော့ စုဖုရားကိုယ်ဝန်ကြီးနဲ့ အရှင်မိဖုရားခေါင်ကြီးဘုရားဟာ စိတ်ထဲမှာ သိပ်ချောက်ချားပြီး သွေးလန့်လာတဲ့ အတွက် စုဖုရားကို ဖွားမြင်တော့ စုဖုရားဟာ သွေးမကောင်းဘဲ သိပ်ကြောက်တတ်တာလို့ ပြောတယ်။ သွေးပျက်ပြီး ဘာမှမသိတော့ဘူး။ ငိုလိုက်၊ ရယ်လိုက်၊ ကလိုက်၊ ခုန်လိုက်နဲ့ လူမှန်းမသိအောင် ရူးသွားတယ်။ အလောင်းတော်ကြီး မြေမချရဘဲ သုံးလထားရတယ်။ အလောင်းတော်မှာ ရန်ဖြစ်လိုက်ကြတာ စတုတ္ထသမီးတော်က အလောင်းကို ပါကင်ပါဆယ်ထုပ်ပြီး ယူသွားလိမ့်မယ်လို့ တချို့က သွားတိုက်ကြခိုက်ကြတော့ စစ်သားတွေက ခေါင်းကိုဖွင့်ကြည့်မယ်၊ စစ်မယ်လုပ်တယ်။ မယ်တော်ဘုရားက အဖွင့်မခံဘူး။ အရှင်နန်းမတော်ဘုရား တံဆိပ် ရိုက်လိုက်တယ်။ မန္တလေးယူချင်တာလည်း မယူရဘူးတဲ့။ တစ်ခါတည်း မြေကြီးမှာ မြှုပ်သာမြှုပ်ပစ်လိုက်ရတယ်။ သရဏဂုံလည်း မတင်ရပါဘူး။

မြန်မာပြည်ဘယ်လိုပြန်ခဲ့ကြရပါသလဲ

'ဖယ်ရီကွင်းသင်္ဘောနဲ့ပြန်ရတယ်။ အဝတ်သေတ္တာတစ်လုံး၊အိပ်ယာတစ် လုံးစီပဲပါလာကြတယ်။ သင်္ဘောပေါ် မှာတစ်လကြာတယ်။ ဘုံဘေမှာတစ် လကြာတယ်။ ဘုံလေက ကာလ ကတ္တားကိုမီးရထားစီးတာသုံးရက်ကြာ တယ်။ အလုံတံခါးကို သော့ခတ် ပိတ်ခေါ်လာတယ်။ ခွေးတွေ (၁ဝ)ကောင်လုံးပါလာတယ်။ ဘုံဘေမှာ ဟိုတယ်မှာ ခွေးမတည်းရဘူးဆိုလို့ ခွေးတွေနဲ့ခွဲနေရတော့ စုဖုရားတို့ ငိုလိုက်ကြတာ အဲဒီအချိန်က ဂန္ဒီကြီး သပိတ်တားနေလို့ ဘယ်မီးရထားမှ မထွက်ရဘူး။ သီပေါဘုရင် နတ်ရွာ စံတော်မူလို့ သီပေါဘုရင်ရဲ့ မိဖုရားခေါင်ကြီး မြန်မာပြည်ပြန်တာပါလို့ ပြောတော့မှ သပိတ်မတားဘဲလွှတ်ပေးလိုက်တယ်။ ကာလကတ္တားရောက်တော့ Green ဟိုတယ်မှာတည်းတယ်။ မြန်မာပြည် ပြန်ဖို့ သင်္ဘောဆင်းလာကြတော့ ဘယ်ကဗမာတွေလည်း မသိဘူး။ သင်္ဘောဆိပ်မှာ စုဖုရားတို့ကိုမြင်တော့ ငိုလိုက်တာမှ သိပ်ငိုကြတာပဲ။ အရှင်နန်းမတော်ဘုရားကတော့ ဘုန်းတော်ကြီးဘုရား နတ်ရွာစံတဲ့နေ့ကစပြီး တစ်ကိုယ်လုံးအဖြူပဲ ဝတ်တယ်။ သင်္ဘောဆင်းတော့ အဖြူဝတ်ဆင်းလာတယ်။ ရေနီ၊ ရေဖြူ၊ ရေစိမ်းတွေမြင်ရပြီး သုံးရက်ကြာမှ ရန်ကုန်ကိုရောက်တယ်။ စစ်သားအစောင့်တွေ တစ်လမ်းလုံး ပါလာတယ်။ ရန်ကုန်မြစ်ထဲ နေ့လည် (၁၂) နာရီဝင်တယ်။

''မြန်မာပြည် ပြန်ရောက်လာတော့ စိတ်ထဲမှာ ဘယ်လိုခံစားရပါသလဲ ဘုရား''

''မြန်မာပြည်ပြန်ရောက်လို့ သင်္ဘောလည်းဆိုက်ရော မြန်မာပြည်က ကြောက်စရာကောင်းလိုက်တာ။ ရတနာဂီရိမှာ သစ်ပင်မရှိဘူး။ မြန်မာ ပြည်ကသစ်ပင်ကြီးတွေက မိုးပေါ်ထိုးနေတာ သိပ်ကြောက်တာပဲ'' ဟူ၍ ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ဆရာမကြီး၏ အဆိုပါဆောင်းပါးတွင် သီပေါမင်းနတ်ရွာစံစဉ်က မြန်မာပြည်ပြန်ရန်အတွက် ပြည်တော်ပြန်ခန်းနှင့် ပတ်သက်၍ ရေးသားဖော်ပြရာတွင် ''ဘုန်းတော်ကြီးဘုရား နတ်ရွာစံတော့ မြန်မာပြည်ပြန်ကြဖို့ဟာ သမီးတော်အကြီး ထိပ်စုဖုရားကြီး မလိုက်ချင်ဘူးဆိုလို့ ကြာနေတယ်။ မြန်မာပြည်ပြန်တော့ပစ္စည်းတွေအားလုံး သိမ်းယူပြီး အင်္ဂလိပ်က မီးနဲ့ရှို့ပစ်တယ်။ ရတနာဂီရိစံအိမ်တော်က လေးထပ်တိုက် အမြင့်ကြီး။ သိပ်ကောင်းတယ်။ ဝတ်လုံငှားအရေးဆိုတော့ တစ်လ(၁ဝဝဝဝ) ရတယ်။ အရှင်ထိပ်စုဖုရား ငွေကိုင်တယ်။ မြန်မာပြည်ပြန်ကျတော့ နားထွင်းတုန်းက လက်ဖွဲ့တဲ့ပစ္စည်းတွေ တောင်းတော့မပေးဘူး'' ဟူ၍ ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပေသည်။ နေဝင်ချိန်တိုင် လက်ပိုက်ပြီး သီပေါဘုရင် မေတ္တာပို့ခဲ့သော အင်္ဂလိပ်တို့နှင့် ပတ်သက်၍ ယနေ့အချိန်တွင် မည်သူတစ်ဦးတစ်ယောက်မျှသမိုင်းကြောင်း ပြန်လှန်ကာစစ်ခုံရုံးမတင်ခဲ့ကြသနည်း ဆိုသည့်မေးခွန်းက ယနေ့ကာလတွင် အဟုန်ပြင်းစွာကျယ်လောင်လျက်ရှိသည်။

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger