စာအုပ်များကို လှန်လှောရင်းက ဒိုင်ယာယီစာအုပ်တအုပ်ကြားမှ နှင်းဆီပွင့် ခြောက်ကလေးတခုကို တွေ့ရသည်။ အရောင်လွင့်ပြယ်နေပြီ ဖြစ်သော်လည်း ကျွန်တော်နမ်းကြည့်တော့ နှင်းဆီပန်းရနံ့ရနေသလို ခံစားရသည်။ ထိုနှင်းဆီ ပွင့်နှင့် ပတ်သက်သော အဖြစ်အ ပျက်များက ကျွန်တော့ခေါင်းထဲမှာ အစီအရီ ပေါ်လို့လာလေသည်။ သည်တုန်းက ကျွန်တော်က ဆယ်တန်းအောင်ခါစ ဆယ်ကျော် သက်အရွယ်ဖြစ်သည်။ ကျွန်တော်၏ ဇာတိ ချောက်မြို့ကလေးမှ ဦးလေးရှိရာ ရန်ကုန်မြို့ကြီးသို့ ပြောင်းရွှေ့ရသည်။ ဦးလေးက ရန်ကုန်မှာ "သရပါ" အမည်ရှိသော လက်ဖက်ရည်ဆိုင်လေးဖွင့်ထားသည်။ ကျွန်တော်က စားပွဲထိုး ဝင်လုပ်ရသည်။ တနေ့တွင် ထောင်ထောင်မောင်းမောင်း လူကြီး တယောက်နှင့် လူငယ်ငါးယောက် ဆိုင်ထဲသို့ ဝင်လာသည်။ လူကြီးမှာ ရုပ် ရည်တည်ကြည်ခံ့ညားသည်။ တောင့်တင်းသန်မာပြီး ယောက်ျားပီသသူ ဖြစ် သည်။ စားပွဲထိုးကောင်လေးက "စာရေးဆရာကြီး တခွက်" ဟု အော်လိုက် သည်။ ကျွန်တော်က စာအလွန်ဖတ်သူဖြစ်သည်။ စာရေးဆရာဆိုသည်နှင့် စိတ်ဝင်စားသွားသည်။ ဦးလေးကို မေးကြည့်တော့ "အဲဒါ စာရေး ဆရာကြီး ဗန်းမော်တင်အောင် ပေါ့ကွ" ဟု ဖြေသည်။ ထိုစာရေးဆရာကြီး ရေးခဲ့သော ဘုန်းမောင့်တယောက်တည်းရယ်၊ ဒေါက်တာ ရေချမ်းစသော ဝတ္ထုများကို ကျွန်တော်သိပ်ကြိုက်သည်။ လူငယ်တွေက သူတို့နှစ်သက်ရာ ကော်ဖီ၊ လက် ဖက်ရည်၊ မုန့်များ မှာလိုက် ကြသည်။ ထို့နောက် စာရေးဆရာဗန်းမော်တင်အောင်ကို မေးခွန်းများ တရစပ်မေးနေလေသည်။
“အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို ဘာကြောင့်စစ်တိုက်ရတာလဲ ဆရာ”
“မြန်မာနိုင်ငံကထွက်တဲ့ ရေနံ၊ ကျွန်းသစ်၊ ကျောက်သံ ပတ္တမြား စတဲ့ သယံဇာတပစ္စည်းတွေ လိုချင်လို့ပေါ့ဗျာ”
“ဒါတွေရတော့ သူတို့ချမ်းသာတာပေါ့”
“ဒါပေါ့ဗျာ….. သယံဇာတ ပစ္စည်းတွေ ခွတုတ်ခွင့်ရတော့ ချမ်းသာတာပေါ့။ ကျွန်တော်တို့ ပြည်သူတွေမှာသာ ဘာအကျိုးခံစားခွင့်မှ မရ ဘဲ မွဲပြီးရင်းမွဲ လူမွေးတောင်မပြောင်တဲ့ဘဝ ရောက်ခဲ့ရတယ်”
စာရေးဆရာကြီးက လူငယ်လေးများကို ခင်ဗျား၊ ကျွန်တော်ဖြင့် တလေးတစားပြောဆိုနေသည်။
“မြန်မာတွေက ဘာကြောင့် စစ်ရှုံးတာလဲ…”
“လူမျိုးညံ့လို့မဟုတ်ဘူး။ အနော်ရထာ၊ အလောင်းဘုရားစတဲ့ သူရဲကောင်းတွေ ထွန်းကားခဲ့တဲ့နိုင်ငံပဲ။ မဟာဗန္ဓုလ စစ်သူကြီးဆိုရင် အင်္ဂလိပ်တွေကတောင် လေးစားခဲ့တဲ့ သူရဲကောင်းတဦးပေါ့။ အင်္ဂလိပ်တွေက သေနတ်နဲ့ ပစ်တယ်။ မြန်မာတွေက ဓားနဲ့ခုတ်တယ်။ လက်နက်အားကွာတော့ စစ်ရှုံးရတာပေါ့”
သူက လက်ဖက်ရည်ကို တစိမ့်စိမ့် အရသာခံပြီးသောက်နေတယ်။
“သူရဲကောင်းဆိုတာ ဘယ်လိုလူကို ခေါ်တာလဲဆရာ”
“အများအကျိုးအတွက် ကိုယ်အသက်ကိုမငဲ့ကွက်ဘဲ စွန့်လွှတ်စွန့်စားသူကို ခေါ်တယ်။”
“သူရဲကောင်း ဖြစ်ချင်ရင် ဘယ်လို ဂုဏ်အင်္ဂါတွေနဲ့ ပြည့်စုံဖို့ လိုသလဲ”
“ရဲ…. ဆိုတဲ့ စကားလုံးနဲ့ လိုက်ဖက်အောင် သတ္တိရှိပြီး ရဲရင့်ရတယ်။ ကောင်းဆိုတဲ့ ဆိုတဲ့ စကားလုံးနဲ့ ညီညွတ်အောင် စိတ်ထား ကောင်းဖို့လိုတယ်။ အဲဒီအချက်နှစ်ချက်နဲ့ ပြည့်စုံမှသာ သူရဲကောင်းဖြစ်နိုင်တယ်….”
“ကြောက်တဲ့သူတွေက သူရဲကောင်း မဖြစ်နိုင်ဘူးပေါ့..”
“ဟုတ်တယ်… ကြောက်လွဲ ရဲမင်းဖြစ်ဆိုတဲ့ စကားရှိတယ်။ ကြောက်တဲ့လူဟာ အခွင့်ကောင်းတွေကို လက်လွတ်ဆုံးရှုံးစေ တယ်။ သူရဲ ကောင်းဖြစ်ချင်ရင် ကြောက်စိတ်မမွေးမိဖို့လိုတယ်။ စကားပုံတခုရှိတယ်ဗျား။ ကြောက်စိတ်ဟာ ဝံပုလွေကို ရှိရင်းစွဲအရွယ်ထက် နှစ်ဆ ပိုကြီးစေတယ်တဲ့။ ဆိုလိုတာက ကြောက်စိတ်ဟာ ရန်သူကို ပိုကြောက်ရွံ့စေတယ်။ လောကမှာ ကြောက်စရာကောင်းဆုံးအရာက အဲ ဒီ့ကြောက်စိတ်ကိုယ်တိုင်ပဲ။”
သူက နံပြားထောပတ်သုတ် တဖက်ကို ကောက်ဝါးနေပြန်သည်။
“သတ္တိရှိပြီး ရဲရင့်ရုံတခုတည်းနဲ့ သူရဲကောင်း မဖြစ်နိုင်ဘူး လားဆရာ…”
“မဖြစ်နိုင်ဘူးဗျ”
“သူရဲကောင်းဟာ အများအကျိုး၊ တနည်းအားဖြင့် ပြည်သူလူထု အကျိုးကို ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်ရတဲ့အလုပ်ကိုး။ ဒါကြောင့် စိတ်ထားကောင်းဘို့လဲ လိုအပ်တယ်။ စိတ်ထားကောင်းသူတွေမှသာ မေတ္တာအားကြီးတယ်။ မေတ္တာအားကြီးသူမှသာ အများအပေါ် ငဲ့ ညှာ ဂရုဏာထားတဲ့အလုပ် လုပ်နိုင်တယ်။ စိတ်ထားမကောင်းတဲ့သူကြောင့် အများအပေါ် မေတ္တာမထားနိုင်ဘူး။ အများအကျိုးကို မ ကြည့်ဘူး။ ကိုယ်နဲ့ ကိုယ့်မိသားစု ကိုယ်အသိုင်းအဝိုင်းကောင်းဖို့ပဲကြည့်တယ်။ အတ္တသမားတွေပေါ့ဗျာ။ အတ္တသမားဟာ ဘယ်တော့ မှ သူရဲကောင်းမဖြစ်နိုင်ဘူး”
သူက ယပ်ခပ်ပေးနေသော ကျွန်တော့အား ပြုံးပြလိုက်သည်။
“သူရဲကောင်းဆိုတာ ပညာတတ်ဖို့ လိုသလားဆရာ..”
“ဟာ….”
“လိုတာပေါ့ဗျာ.. ပညာရှိမှ သူတော်ကောင်းတရားကို နားလည်တယ်။ သူတော်ကောင်းတရားနားလည်မှ အများအကျိုး ဆောင်ရွက် နိုင်တယ်။ အများအကျိုးဆောင်ရွက်မှ သူရဲကောင်းဖြစ်မှာပေါ့။”
“ပညာဆိုတာ ဘာလဲဆရာ…”
“ပညာ ဆိုတာ အသိနဲ့၊ အတတ်ကို ပညာလို့ခေါ်တယ်”
“ဘယ်ဟာအမှန်၊ ဘယ်ဟာမှား၊ ဘယ်ဟာ တရား၊ ဘယ်ဟာမတရား သိတဲ့ပညာကို အသိပညာလို့ခေါ်တယ်။ အသက်မွေးမှုပညာ၊ စစ်ရေးပညာ၊ စီးပွားရေးပညာ ဝိဇ္ဇာ၊ သိပ္ပံစတဲ့ အတတ်တွေကို အတတ်ပညာလို့ခေါ်တယ်”
စာရေးဆရာကြီးက လက်ဖက်ရည်ကို မော့သောက်ပြီး လက်စသတ်လိုက်သည်။ နောက်နံပြားထောပတ်သုတ်ကို ယူစားနေပြန်သည်။
“သူရဲကောင်းက ဘာလို့ ပညာတတ်ဘို့ လိုတာလဲ….”
“သူရဲကောင်းဆိုတာ မှန်တဲ့တရားတဲ့ဘက်က ရပ်တည်ရတယ်။ အမှား အမှန်၊ မတရား တရား ခွဲခြားသိဘို့ အသိပညာရှိမှ ဖြစ်မှာပေါ့။ ဒီလိုမှမဟုတ်ပဲ မှားတဲ့ဘက်၊ မတရားတဲ့ဘက်က ရပ်တည်နေရင် လူဆိုး လူယုတ်မာ ဖြစ်သွားတော့တယ်။ ဒီတော့ သူရဲကောင်းမှ မ ဟုတ်ဘူး။ လူတိုင်း ပညာတတ်လေ ကောင်းလေပဲ။ ပညာတတ်ရင် အမှန်တရားထွန်းကားတယ်။ အမှန်တရားထွန်းကားမှ တိုင်းပြည် ငြိမ်းချမ်းတယ်။”
“အမှန်ဆိုတာ နှစ်မျိုးမဖြစ်နိုင်ဘူးလားဆရာ…. ပိုက်ဆံတပြားရဲ့ ခေါင်းနဲ့ ပန်းလိုပေါ့၊ ဆရာ့ဘက်က ကြည့်တော့ ခေါင်း၊ ကျွန်တော့ ဘက်က ကြည့်တော့ ပန်း။ ကဲ နှစ်ခုစလုံးမှန်မနေဘူးလား”
စာရေးဆရာက ခေါင်းညိတ်လိုက်ပြီး
“မှန်ပါတယ်။ ခင်ဗျားပြောသလို အမှန်ဆိုတာ အနည်းဆုံး နှစ်မျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ တရားကတော့ နှစ်မျိုးမရှိဘူး။ လောကီရော သံ သရာပါ ကောင်းတဲ့တရား တမျိုးပဲရှိတယ်။”
“ကျွန်တော့ကို နားလည်အောင် ရှင်းပြပါအုံး….”
“အမှန်တရားဆိုတာ ခင်ဗျားတို့ ကြားဖူးတယ်မဟုတ်လား….”
“ဟုတ်ကဲ့… ကြားဖူးပါတယ်..”
“ခင်ဗျားတို့ပြောသလို အမှန်ဟာ အနည်းဆုံးနှစ်မျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ လူလောက ဖြစ်စဉ်ထဲက အမှန်တွေကိုတော့ တရားနဲ့ မှတ် ကျောက်တင်ကြည့်ရတယ်။ တရားနဲ့ အမှတ်ကျောက်တင်ခံနိုင်မှသာ အမှန်တရားလို့ခေါ်တယ်။ တနည်းအားဖြင့် တရားမှသာ အမှန် ဖြစ်တယ်။ မတရားတာ မှန်သမျှ အမှားပဲ။”
“ထပ်ရှင်းပါအုံး ဆရာ….”
“ကောင်းပြီး မြန့်မာ့သမိုင်းကို ပြန်ကြည့်ရင် တောင်သူလယ်သမားအရေးတော်ပုံဆိုတာ ခင်းဗျားတို့ တွေ့ရမယ်။”
“ဆရာစံနဲ့ တောင်သူလယ်သမားတွေ အင်္ဂလိပ်ကို တော်လှန်ခဲ့တဲ့ အရေးတော်ပုံမဟုတ်လား။”
“ဟုတ်တယ်”
“ဒီကိစ္စမှာ လယ်သမားတွေ သူပုန်ထတာကို အင်္ဂလိပ်အစိုးရက မလိုလားဘူး၊ မှားတယ်လို့ပြောတယ်။ သူတို့အတွက် အမှန်က မြန်မာ နိုင်ငံကို ဆက်လက်ကျွန်ပြုပြီး ဂုတ်သွေးစုပ် အမြတ်ထုတ်ဖို့ပဲ။ လယ်သမားတွေဘက်ကကြည့်တော့ ဒီတိုင်းပြည်က တို့တိုင်းပြည် ကျွန် ဖြစ်ရတာ အနေဆင်းရဲ အစားဆင်းရဲနဲ့ သေတောင်မှတည့် သြော် ကောင်း၏ ဘဝမို့လို့ သူပုန်ထတာ မှန်တယ်။ ဒီအမှန်နှစ်ခုကို တ ရားနဲ့ မှတ်ကျောက်တင်ကြည့်ရင် ဘယ်လိုအဖြေထွက်မလဲ။”
“လယ်သမားတွေ သူပုန်ထတာ အမှန်တရားပဲ…”
“ဘာကြောင့်လဲ ဆိုတော့ အင်္ဂလိပ်က သူများတိုင်းပြည်ကို မတရားသိမ်းပိုက်ထားတာကိုး စာရေးဆရာက ကျေနပ်စွာ ပြုံးလိုက်ပြီး မှန် တယ် ခင်ဗျားပြောတာမှန်ပါတယ်။ အမှန်တရားကို ရွေးချယ်နိုင်မှ သူရဲကောင်းဖြစ်နိုင်တယ်။”
“တနည်းအားဖြင့် သူရဲကောင်းဟာ အမှန်တရားဘက်က ရဲရဲကြီး ရပ်တည်ရမယ်။ ကိုယ်က သူရဲကောင်း မဖြစ်ခဲ့တောင်မှ သူရဲကောင်း တွေရဲ့ လုပ်ရပ်ကို လက်ခုပ်တီး အားပေးရဲတဲ့ ပြည်သူကောင်းတော့ ဖြစ်ရမယ်။ အချောင်သမား မဖြစ်ပါစေနဲ့…”
စာရေးဆရာက စီးကရက်တလိပ်ထုတ်၍ မီးညှိလိုက်ပြီး ဖွာရှိုက်နေပြန်သည်။
“အချောင်သမားဆိုတာ ဘယ်လိုလူမျိုးလဲ ဆရာ…”
“သာမှပေါင်းတယ်
နိုင်မှ တိုက်တယ်ဆိုတာ အချောင်သမားပဲ၊
အဲဒီလူတွေဟာ ဟိုဘက်လိုလို ဒီဘက်လိုလို ကြားနေသလို ဝါးတားတား လုပ်တတ်ကြတယ်။ သူရဲကောင်းဆို ကြားမနေဘူး။ အမှန် တရားဘက် ရဲရဲကြီး ရပ်တည်တယ်။ ကြားနေတယ်ဆိုတာ လူကြောက်၊ ဒါမှမဟုတ် အချောင်သမားပဲ။ အမှန်တရားဘက်က ရပ်တည် ခြင်းမရှိဘဲ ကြားနေတာဟာ အမှား၊ ဒါမှမဟုတ် မတရားကို သွယ်ဝိုက်သောနည်းနဲ့ အာပေးထောက်ခံတာပဲ။ အမှန်တရား မှေးမှိန် အား နည်းလေ၊ အချောင်သမားများလေပဲ။ သူရဲကောင်းဟာ ဘယ်လို အခြေအနေမှာမဆို အမှန်တရားကို သစ္စာမဖောက်ဘူး။”
“အသိပညာကတော့ ဟုတ်ပါပြီ။ အတတ်ပညာကကော သူရဲကောင်းတယောက်အတွက် လိုတာပဲလား”
“သိပ်လိုတာပေါ့ဗျာ မြန်မာတွေ အင်္ဂလိပ်တွေကို စစ်ရှုံးခဲ့တာဟာ အတတ်ပညာချို့တဲ့လိုပဲ။ သူတို့က သေနတ်နဲ့ ပစ်တယ်။ ကိုယ်က ဓားနဲ့ခုတ်တယ်။ အား မတန်တော့ ရှုံးရတာပေါ့။ အောင်မြင်တဲ့ သူရဲကောင်းဖြစ်ချင်ရင် ရန်သူကို ယှဉ်နိုင်တဲ့ အတတ်ပညာရှိဖို့ လိုတယ်။ သူရဲကောင်းမှ မ ဟုတ်ဘူး။ လူတိုင်းပညာတတ်လေ ကောင်းလေပဲ။ ကိုယ်တတ်တဲ့ပညာက သူများတိုင်းပြည်ထက်သာရင် ကိုယ့်တိုင်းပြည် ရှေ့တန်း ရောက်မယ်။ ပညာမတတ်ရင်တော့ သူများနောက် ရောက်မှာပဲ”
သူက စီးကရက် တရှိုက်မတ်မတ် ဖွာရှိုက်နေပြန်သည်။
“သူရဲကောင်းတယောက်ရဲ့ အကောင်းဆုံးလက်နက် ဘာလဲဆရာ”
“သူရဲကောင်းတယောက်ရဲ့ အကောင်းဆုံးလက်နက်ဟာ သူရဲ့ စိတ်ဓာတ်ပဲ။ ဘုရင် ဧကရာဇ်တပါးဟာ သူရဲကောင်း တယောက်ကို အကျဉ်းချချင်ချ၊ ဒါမှမဟုတ် သစ်ပစ်နိုင်တယ်။ ဒါပေမဲ့ သူရဲ့ စိတ်ဓာတ်ကိုတော့ အရှုံးပေး အညံ့ခံအောင် ဘယ်နည်းနဲ့မှ မလုပ်နိုင်ဘူး။ ငါ၏ ဦးခေါင်းကား သွေးသံတို့ဖြင့် ချင်းချင်းနီ၏၊ သို့သော် မညွှတ်ဆိုတဲ့စကားကို ကြားဖူးတယ် မဟုတ်လား”
“ဟုတ်ကဲ့”
“ဗိုလ်ချုပ်အောင်ဆန်း သိပ်ကြိုက်တဲ့ စကားမဟုတ်လား”
“ဟုတ်တယ်”
“ဗိုလ်ချုပ်က အဲဒီစိတ်ဓာတ်နဲ့ တိုက်ပွဲဝင်ခဲ့လို့ မြန်မာပြည် လွှတ်လပ်ရေးရခဲ့တာပေါ့။ ”
စာရေးဆရာက လူငယ်တယောက်ငှဲ့ပေးသော ရေနွေးပန်းကန်ကို ယူသောက်နေပြီး….
“ဓားလှံကိုင်မှ သူရဲကောင်းဖြစ်တာလားဆရာ…”
“ဓားလှံမကိုင်ဘဲနဲ့လဲ သူရဲကောင်းဖြစ်နိုင်ပါတယ်။ အဖိနှိပ်ခံပြည်သူလူဘက်က ရပ်တည်သူ မည်သူမဆို သူရဲကောင်း ဖြစ်နိုင်ပါတယ်။ ဥပမာ စားရေးဆရာ၊ ကဗျာဆရာ၊ သတင်းဆရာတွေဟာ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေးမှာ၊ ကလောင်လက်စွဲပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ အင်္ဂလိပ်အစိုးရရဲ့ ရန်သူတော် စာရင်းထဲမှာ ရန်သူနံပါတ်တစ်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းပဲ။ ဗိုလ်ချုပ်အောင်ဆန်းက ရန်သူနံ့ ပါတ် ငါးအဆင့်ပဲ ရှိခဲ့တယ်။ အဲဒီထိအောင် ကလောင်က လက်စွမ်းထက်ခဲ့တယ်။ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု ဒီသုံးခု အတွက် တိုက်ပွဲဝင်သူ မည်သူမဆို သူရဲကောင်းပါပဲ။”
စားသောက်ပြီးနောက် သူ့အဖွဲ့သားများ သရပါဆိုင်ကလေးထဲမှ ထွက်ခွာသွားကြသည်။ သို့သော် သူရဲကောင်းနှင့် ပတ်သက်သော အ ယူအဆများက ကျွန်တော့ရင်ထဲမှာ စွဲမက်ကျန်ရစ်ခဲ့လေသည်။
နေ့လည်တိုင်းတွင် စာရေးဆရာက ကျွန်တော်တို့ သရပါ လက်ဖက်ရည်ဆိုင်လေးသို့ ရောက်လာတတ်သည်။ အပေါင်းသင်း မင်သူဖြစ် ၍ သူနှင့်အတူ လူအုပ်တမကြီး ပါလာလေ့ရှိသည်။
စာရေးဆရာတခွက်ဟု လှမ်းအော်လိုက်တိုင်း သူက နှစ်လိုဖွယ်အပြုံနှင့် ကျွန်တော့ကို နှုတ်ဆက်လေ့ရှိသည်။ ကျွန်တော် သတိထားမိ သော သူ၏ အမူအကျင့်တခုမှာ စီးကရက်စွဲအလွန်အကျွံသောက်ခြင်းဖြစ်သည်။ မီးခိုးမစဲအောင် သောက်လေ့ရှိပြီး စီးကရက်စွဲနေဟန် တူသည်။ တခါသော် ကျွန်တော်တို့ဆိုင်သို့ အကြာကြီးမလာဘဲ ပျောက်ချက်သားကောင်းနေသည်။ တနေ့မှာ ဆယ်နှစ်အရွယ်ခန့်ရှိ သူ့ သားလေးကို လက်တွဲပြီး ဆိုင်ထဲကို ဝင်လာသည်။ သူ့ ခန္ဓာကိုယ်မှာ မယုံနိုင်စရာ ပိန်ချုံကျသွားသည်။
“ဆရာကြီး ပျောက်ချက်သားကောင်းလှချည့်လား..”
“ဆေးရုံတက်နေရလို့ မလာနိုင်တာပါ…”
“စီးကရက်မှာဦးမလား ခင်ဗျား…”
“နေ…နေ …. ကိုယ်စီးကရက် ဖြတ်လိုက်ပြီ”
သူ့သားလေးကို ရုပ်ရှင်ပြလာဟန်တူသည်။ သားကလေးက ကြည့်ခဲ့သော ရုပ်ရှင်အကြောင်း စမြုံ့ပြန်နေသည်။
“ဟာကြူလီက တော်တော်တောင့်တာပဲ။ လူဆိုးနှစ်ယောက်ကို လက်တဖက်စီနဲ့ အသာလေးမထားနိုင်တယ်နော် ဖေဖေ..”
“အဲဒါအလေးမလို့ ကြွက်သားတုပ်ခိုင်လာတာပေါ့ သားရဲ့။ ယောက်ျားဆိုတာ ယောက်ျားပီပီသသနဲ့ တောင့်တင်းသန်မာရတယ်”
“ဟာကြူလီထက်သန်တဲ့လူ ရှိသေးလားဟင်”
“ဂရိပုံပြင်ထဲက အက်တလတ်စ် ဘီလူးကတော့ လောကမှာ အသန်မာဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ သူက တောင်ထွတ် တခုပေါ်က နေ မိုးကောင်းကင်ကြီးကို ဒူးထောက်ပြီး ထမ်းထားနိုင်လို့ပဲ”
“ဟာ…. မိုးကောင်ကင်ကြီး တခုလုံးကို ထမ်းထားနိုင်တယ်ဆိုတော့ တော်တော်သန်တာပေါ့။ ဒါနဲ့ သူက ဘာကိစ္စ မိုးကောင်းကင်ကို ထမ်းထားရတာလဲ”
“လူသားတွေအပေါ် မိုးကောင်းကင်ကြီး ပိကျလာမှာစိုးလို့ပေါ့ သားရဲ့…”
“သူပခုံးမနာဘူးလား ဖေဖေ….”
“နာတာပေါ့ကွယ်။ နောက်ဆုံး မခံနိုင်တော့ ပါးဆီးယပ်စ်ခေါ်တဲ့ သူရဲကောင်းကို အကူအညီတောင်းရတယ်…”
“ဘယ်လို အကူအညီတောင်းတာလဲဟင်..”
“ပါးဆီးယပ်စ်က သူရဲကောင်းတဦးပေါ့၊ သူ့ကို အေသင်မြို့စောင့် နတ်သမီး အေသီနာက စုန်းမကြီး ဂေါ်ဂွင်မဒူဆာရဲ့ ဦးခေါင်းကို ဖြတ် ခိုင်းတယ်။ ဒီစုန်းမကြီးရဲ့ခေါင်းက ဆံပင်တွေက မြွေတွေဖြစ်နေပြီး လူက တောင်ပံတွေနဲ့ ဂဠုန်ပုံဖြစ်နေတယ်။ ကြောက်စရာအကောင်း ဆုံးက သူ့မျက်လုံးတွေပဲ။ မြင်ရသူကို ကျောက်ရုပ်ဖြစ်သွားစေတယ်။ ပါးဆီးယတ်စ်က လူသန်ကြီး အက်တလတ်စ်ကို ဂေါ်ဂွင်မဒူဆာ နေတဲ့ နေရာကို လမ်းညွှန်ပေးဖို့ အကူအညီတောင်းတယ်။ အတ်တလတ်စ် က မိုးကောင်းကင်ကို ထမ်းထားရတာဆိုတော့ သူ့ဦးခေါင်း က တိမ်တွေအပေါ်ရောက်နေပြီး ဂေါ်ဂွင်မဒူဆာနေတဲ့ နေရာကို လှမ်းမြင်ရတာကိုး။ အက်တလတ်စ်က ကောင်းပြီး။ မင်းကို မဒူဆာရှိ တဲ့နေရာကို လမ်းညွန်ပေးလိုက်မယ်။ ဒါပေမဲ့ ဒီမိုးကောင်ကင်ကြီးကို ထမ်းထားရတဲ့အတွက် ငါ့တကိုယ်လုံး ညောင်းညာကိုက်ခဲလှပြီ။ ဒီဝေဒနာလွှတ်မြောက်အောင် မဒူဆာ ရဲ့ ဦးခေါင်းပြတ်ကို ရခဲ့ရင် ငါ့ကို အရင်ပြပါဆိုပြီး တောင်းဆိုလိုက်တယ်။ ဒီလိုနဲ့ မဒူဆာရဲ့ ဦးခေါင်းကို ဖြတ်ပြီးတော့ ပါးဆီးယတ်စ်က အက်တလတ်စ်ကို ပြလိုက်တယ်။ ချက်ချင်းပဲ အက်တလတ်စ်ဟာ ကျောက်တောင်ကြီး အ ဖြစ်ပြောင်းလဲ သွားတယ်ကွဲ့…”
“သဘာဝတရားအတိုင်း ကောင်းကင်က သူ့ဘာသာသူ မိုးပေါ်မှာနေတာ။ အလကား မြေပေါ် ရောက်လာပါ့မလား။ ရောက် လာဦး တော့ ပိရင် အများကသေမှာပဲ။ ဘာကြောင့် ကိုယ်က အများအတွက် ပခုံအနာခံပြီး ထမ်းပိုးနေမလဲ။ တော်တော်ရူးတဲ့ ဘီးလူးပဲ…”
“သား၏ စကားကို ဖခင်စာရေးဆရာက သဘောကျစွာ ပြုံးရယ်နေလေသည်။ ပြီးမှ…”
“အများအတွက် ပခုံးအနာခံပြီး ထမ်းပိုးနေတဲ့ အက်တလတ်စ်ဘီးလူးကို အရူးလို့ ထင်ရပေမဲ့ ပုံပြင်ထဲကလိုသာ သူ့ကြောင့် လူတွေ အ သက်ရှင်ခွင့်ရခဲ့ရင် အက်တလတ်စ်ကို သူရဲကောင်းလို့ ဖေဖေတို့ မှတ်ယူသင့်တယ်။ ကောင်းကင်က သူ့ဘာသာသူ မိုးပေါ်ရှိနေသင့် ပေမဲ့ တခါတရံ မြေပေါ်ကျလာပြီး ကောင်းကင်ပိတဲ့အဖြစ်မျိုးတွေ ဖြစ်လာတတ်တယ်ကွဲ့။ သားလေးကြီးတော့ ဒီလိုကောင်းကင်ပိတဲ့ အဖြစ်မျိုး ကိုယ်တိုင်ကြုံကောင်းကြုံရပါလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ အဖိနှိပ်ခံ လူသားတွေအတွက် ကိုယ်တိုင်က အက်တလတ်စ် ဘီး လူးလို ထမ်းပိုးနိုင်ရင် ထမ်းပိုး၊ မထမ်းပိုးနိုင်ရင် ပါဆီးယပ်စ်လို သူထမ်းပိုးနေတဲ့ ဝေဒနာကိုသက်သာအောင် လုပ်ပေးသင့်တယ်”
ဟု တွေးတွေးဆဆ ပြောနေသည်။
ထို့နောက် သူ့သားလေးကို လက်တွဲပြီး သရပါဆိုင်ကလေးက တရွေ့ရွေ့ ထွက်ခွာသွားလေသည်။ ထိုမြင်ကွင်းမှာ စာရေးဆရာကြီး ဗန်းမော်တင်အောင်ကို ကျွန်တော်နောက်ဆုံး တွေ့ခဲ့ရသော မြင်ကွင်းဖြစ်သည်။ မကြာမီ သူ ဒုတိယအကြိမ် ဆေးရုံတက်ရသည်။ အ ဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကြားရသည်။ ကျွန်တော်လေးစားသော စာရေးဆရာကြီးဖြစ်၍ နောက်ဆုံးဂါဝရပြု သည့်အနေဖြင့် သူ၏အသုဘသို့ ကျွန်တော်သွားရောက်ခဲ့သည်။ ဆရာဗန်းမော်တင်အောင်မှာ လူချစ်လူခင်များ သူဖြစ်ကြောင်း သူ့ အ သုဘကို ကြည့်၍ သိနိုင်သည်။ လူထုလူတန်းစားအသီးသီးက လိုက်ပါပို့ဆောင်ကြပါသည်။ အသုဘမှာ ကြက်ပျံမကျ စည်ကားလှ သည်။ သူ့အတွက် ပန်းခွေ၊ ပန်းခြင်းတို့မှာ ရေတွက်၍ မကုန်နိုင်တော့။ သူ့ကို သင်္ဂြီုလ်ပြီးချိန်မှာ လူထုက ပန်းခွေပန်းခြင်းများမှ နှင်းဆီ နီနီတပွင့်ကို ယူထားလိုက်သည်။
“လူတယောက်ရဲ့ သမိုင်းဟာ လူ့လောကကြီးက သူ့ပခုံးအပေါ် ပစ်တင်လိုက်တဲ့ တာဝန်ကို သူဘယ်လောက် ကျေပွန်အောင် ထမ်း ဆောင်နိုင်ခဲ့သလဲဆိုတဲ့ အချက်နဲ့ တိုင်းတာရတယ်”
ဆိုသော စာရေးဆရာကား ကွယ်လွန်သွားခဲ့ပြီ။ တကယ်တော့ သူသည် အက်တလ်စ်ဘီလူးလို မိုးကောင်ကင်ကို ပခုံးဖြင့် ထမ်းပိုးထား ခဲ့သူ သူရဲကောင်းတယောက်ဖြစ်သည်။
လူသေသော်လည်း သမိုင်းမသေ…နှင်းဆီနီနီကလေးက အခုတော့ ခြောက်သွေ့သွားခဲ့ပြီ။ သို့သော် နှင်းဆီပန်းရနံ့ကို ကျွန်တော် ရှူ ရှိုက်မိဆဲ ဖြစ်ပါသည်။
နတ်မှူး
Photo by: http://images.google.co.th
အတ်တလတ်စ် သို့ မဟုတ် မိုးကောင်းကင်ကို အောင်နိုင်သူ
Sunday, October 31, 2010
အကြောင်းအရာ:
ဆောင်းပါး
အချိန်က : 9:59 AM
0 comments:
Post a Comment