‘ကြယ်ရိပ်ပန်းနု’ တွင် ဝတ္ထုတို ၂၃ ပုဒ် ပါရှိ၏။ ကြယ်ရိပ်ပန်းနုတွင် ပါရှိသည့် ဝတ္ထုတိုများက …. ၁၉၇ဝ နှင့် ၁၉၉ဝ ခုနှစ်များအတွင်း ရှုမဝ၊ ပေဖူးလွှာ၊ လုံမလေး၊ စံပယ်ဖြူ၊ ရင်ခုန်ပွင့်၊ ရုပ်ရှင်တေးကဗျာနှင့် ဒဂုန်မဂ္ဂဇင်းများတွင် ရေးသားဖော်ပြခဲ့သည့် ဝတ္ထုတိုများ ဖြစ်သည်။
ကြယ်ရိပ်ပန်းနုက …. ဝတ္ထုရေးဆရာ၏ အသက် ၅ဝ မှ ၇ဝ ကျော်ဝန်းကျင်အတွင်း ရေးဖွဲ့ခဲ့သည့် ဝတ္ထုတိုစုများ ဖြစ်သည်။ ဝတ္ထုရေးဆရာ ဖြတ်သန်းခဲ့ရသည့် ကိုလိုနီခေတ် ….၊ လွတ်လပ်ရေးခေတ်ဦး ဒီမိုကရေစီကာလနှင့် ဗိုလ်နေဝင်း၏ မဆလ ခေတ် ... စသည့် သမိုင်းခေတ်များအတွင်းမှ ခေတ်ပြိုင်ခံစားမှု ဝတ္ထုတိုစုများဟု ဆိုရမည်။
ခေတ်ပြိုင်ခံစားမှုများနှင့်ပတ်သက်၍ ကြယ်ရိပ်ပန်းနု၏ အမှာစာတွင် ဝတ္ထုရေးဆရာက ….
“မိမိဖြတ်သန်းလျက်ရှိသော သမိုင်းခေတ်ကို သရုပ်ဖော်ရမည်ဟူသော ခေတ်ပြိုင်ခံစားမှု စာပေနည်းနာကို မစွန့်လွှတ်ခဲ။ ပို၍ပင်မြဲမြံစွာ ဆုပ်ကိုင်ခဲ့ပေသည်။ ယင်းသည် စာပေသစ်၏ နည်းနာဖြစ်ပေသည်”
စာအုပ်အမည် ကြယ်ရိပ်ပန်းနု
စာရေးဆရာအမည် ဒဂုန်တာရာ
စာမူခွင့်ပြုချက်အမှတ် ၁။ ၂ဝဝ၄(၁)
ပုံနှိပ်ခြင်း ဒုတိယအကြိမ် (၂ဝဝ၄ခုနှစ်၊ မတ်လ)
ထုတ်ဝေသူ ဒေါ်နီနီခိုင် (နေရီရီစာပေ)
အုပ်ရေ ၅ဝဝ
တန်ဖိုး ၉ဝဝ ကျပ်(၁)
ကျနော် အလယ်တန်းကျောင်းသားဘဝတွင် ကျောင်းစာအပြင် … အပြင်စာများကိုလည်း စုံစုံမက်မက်၊ စွဲစွဲနစ်နစ် ဖတ်ဖြစ်၍နေလေပြီ။ အပြင်စာဟူသည်က …. လုံးချင်းဝတ္ထုရှည်များ ဖြစ်သည်။ ထိုစဉ်က … ကျနော်၏ စာဖတ်ရေချိန် ချဉ်ခြင်းသည် …. မောင်သာပြည့်၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ငြိမ်းကျော်၊ တက္ကသိုလ်ဘုန်းနိုင်တို့၏ ဝတ္ထုရှည်များနှင့်သာ ရောင့်ရဲ၍ ကျေနပ်နေ၏။
ကျနော်တို့မြို့လေး၏ စာအုပ်အငှားဆိုင်လေးများတွင်လည်း … ထိုထိုသော စာရေးဆရာများ၏ စာအုပ်များသည်ပင်ရှိ၏။ ငှား၍ရ၏။ စာကြည့်တိုက်ဟူသည်ကား …. မြို့လေးတွင် လောက်လောက်လားလား မရှိခဲ့ ….။ စာအုပ်အငှားဆိုင်လေးမှပင် မောင်စိန်ဝင်း (ပုတီးကုန်း) ၏ လုံးချင်းဝတ္ထရှည်တအုပ်အား ငှားဖတ်မိ၏။ မောင်စိန်ဝင်း၏ ဝတ္ထုအတွင်း၌ …. ဇာတ်လိုက်က စာပေသမား တက္ကသိုလ်ကျောင်းသား၊ ထိုဇာတ်လိုက်က သူ၏ သူငယ်ချင်းများနှင့် ဦးချစ်ဆိုင်တွင် စာပေအကြောင်း စကားပြောကြ၏။ သူတို့၏ စကားဝိုင်းတွင် …. ဒဂုန်တာရာ၏ ‘မေ’ …။ ဗန်းမော်တင်အောင်၏ ‘ပြည်တော်သာ ခင်ခင်ဦး’ ….၊ ကြည်အေး၏ ကဗျာများ ….။
ဤတွင် ကျနော်သည် ဒဂုန်တာရာ၏ ‘မေ ’ အား ဖတ်ချင်လာ၏။ ဗန်းမော်တင်အောင်၏ ‘ပြည်တော်သာ ခင်ခင်ကြီး’ အား ဖတ်ချင်လာမိ၏။ ကျနော့်ချဉ်ခြင်းကား …. ပြောင်းလာလေပြီ။(၂)‘လေနုအေးသည် တနွဲ့နွဲ့နော့နေဆဲကိုး….’
ဒဂုန်တာရာ၏ ‘မေ’ အား ထိုစဉ်က ခက်ခက်ခဲခဲနှင့် ရှာဖွေ၍ ဖတ်ဖြစ်ခဲ့ရ၏။ ရင်ထဲတွင်မူ …. နုံးနုံးခွေခွေနှင့်ပင် ‘မေ’ အား ဖတ်အပြီး ကျန်ရစ်ခဲ့၏။ တနွဲ့နွဲ့နော့နေသည့် လေနုအေးအား ရှာဖွေမိ၏။
တောင်ညိုတန်း၊ ချောင်းငယ်၊ ကြံခင်းတော်တို့အား ဖြတ်တိုက်လာသည့် လေတွင် ‘လေနုအေး’ အား ရှာကြည့်ခြင်း …။ အကဲဖမ်းမရခဲ့ ….။
‘ရှန်ပိန်အရက်ကို သောက်လိုက်ရသလို … ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားရသည်’ ဟူ၍ ….. ‘မေ’ ၏ အမှာစာအား ဖတ်ရ၏။
အလယ်တန်းကျောင်းသား ကျနော်က …. ရှန်ပိန်၏ အရသာအားမသိ …။ နောင်တွင်မှ …. ‘မေ’ ၏ အမှာစာရေးသူသည် ၁၃ဝဝ ပြည့် ရေနံမြေ သပိတ်ကြီးတွင် “မြင်းခွာတချက်ပေါက်ရင် … မီးဟုန်းဟုန်းတောက်စေရမည်” ဟူ၍ နေမဝင်အင်ပါယာကြီးအား စိန်ခေါ်ခဲ့သည့် ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းဟု သိရ၏။(၃)
‘မေ’ မှစ၍ ဆရာ၏ စာများအား တခုတ်တရရှာဖွေပြီး ဖတ်လာမိခဲ့၏။ ‘ရုပ်ပုံလွှာ’ နှင့် ‘ဒဂုန်တာရာ၏ ဒဂုန်တာရာ’ တို့ကိုမူ … ‘မေ’ ထက်ပိုမို၍ နှစ်သက်စုံမက်မိခဲ့၏။ ဒဂုန်တာရာ၏ ဒဂုန်တာရာက ဆရာ၏ ကိုယ်တိုင်ရေး အတ္ထုပတ္တိစာပေ ဖြစ်သည်။ ထိုစဉ်က ဆရာ့အသက်သည် ၂၁ နှစ်မျှသာ ရှိသေး၏။ ကံ့ကော်ရနံ့တို့နှင့် ဆရာသည် ထုံရဂုဏ်သိုင်းနှောင်နေဆဲ …။ ဒုတိယတက္ကသိုလ်ကျောင်းသား၊ သပိတ်ကြီးပြီးကာစ …။ ထိုင်ကူးမြစ်တန်းမှသည် ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုမှားဆီသို့ …. လွန်းထိုးယှက်ရှက်ထား၏။
ရုပ်ပုံလွှာအား ဆရာသည် ဆရာကိုယ်တိုင် ထုတ်ဝေသည့် ‘တာရာ’ မဂ္ဂဇင်းတွင် ‘လူကိုလေ့လာခြင်း’ ဟူ၍ ခေါင်းစဉ်ငယ်ပေး၍ ကဏ္ဍတခုအနေနှင့် ရေး၏။ ဆရာ၏ ‘လူကိုလေ့လာခြင်း’ ရုပ်ပုံလွှာအဖွဲ့က … စာပေပုံစံသစ်တခုအဖြစ်နှင့် တည်ရှိခဲ့၏။
“ရုပ်ပုံလွှာ အဖွဲ့အနွဲ့သည် သာမန်ဆောင်းပါးမျိုး မဟုတ် …။ တာရာ၏ အရေးအသားမျိုးသည် တမျိုးတဖုံ ဆန်းပါပေသည်” ဟု ဆရာဇော်ဂျီက မှတ်ချက်ပြု၏။ ရုပ်ပုံလွှာရှင်ကမူ ….
“အမှန်အားဖြင့် ကျနော့်မှာ လူအကြောင်း သိပ်သိသူမဟုတ်။ သတိလည်း မမူတတ်။ မိမိအား ချစ်နေသူ၊ မုန်းနေသူများကို သိသူမဟုတ်။ မိမိတရားနှင့်မိမိ၊ မိမိစိတ်ကူးကမ္ဘာနှင့် မိမိနေသူဖြစ်သည်။ ရုပ်ပုံလွှာ စာတမ်းများကို ရေးရန်အရည်အချင်းမရှိဆုံး သူတယောက်ဖြစ်သည်။ သို့ပါလျက် ရေးဖြစ်သွားသော ရုပ်ပုံလွှာများမှာ ဖတ်သူရှိနေ၍ အံ့သြရသည်။ တခုပဲရှိသည်။ ရုပ်ပုံလွှာများကို ခံစားမှုနှင့် ရေးလိုက်ခြင်းဖြစ်သည်”
ဟု ဆို၏။
ဆရာက … သမဂ္ဂရင်ပြင်တွင် ကိုလိုနီဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းခဲ့ကြသည့် ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးများနှင့် တွဲဖက်ခဲ့ရ၏။ ထိုသူတို့၏ ရင်ခုန်သံနှင့် သမိုင်းရှုခင်းအား တွဲဖက်၍ အလင်းအမှောင်၊ အထူအပါး၊ အနီးအဝေး ပြောင်းရွေ့၍ စာလုံးဆေးစက်တို့နှင့် ခံစားရာမှ ရုပ်ပုံလွှာ ဖြစ်ခဲ့ရသည်ဟု မြင်မိ၏။
ထိုမှ … အရိုင်း၊ ကဗျာ၊ မုန်တိုင်းထဲက သစ်ရွက်တရွက်၊ လျှို့ဝှက်သောအပြုံး၊ နရသိန်မှ အကျဉ်းသား၊ မတုန်မလှုပ်၊ ငြိမ်းချမ်းရေးဗိသုကာ၊ မေတ္တာပန်းပွင့်တို့ ဖူးပွင့်လာခဲ့ခြင်း ဖြစ်မည်။(၄)
“ဆိပ်ဖလူးရနံ့၌ မိမိကိုယ်ကို တွေ့ရှိခြင်း” က … ကြယ်ရိပ်ပန်းနုတွင် ပါရှိသည့် ဝတ္တုတိုတပုဒ် ဖြစ်သည်။
‘ဆိပ်ဖလူးရနံ့…’
ဖိနှိပ်မှု၊ ရက်စက်မှုများနှင့် ကျော်ကြားလွန်းလှသည့် ‘အင်းစိန်အကျဉ်းထောင်’ ကြီးအား ဆရာသည် ‘ဆိပ်ဖလူးရနံ့’ နှင့် လှပစွာ နိမိတ်ပုံပေး၏။ အနိဌာရုံအား အလှနှင့် ထုံးရစ်ထားသည့် သင်္ကေတ …။
၁၉၆၃ မှ ၁၉၆၇ ခုနှစ်များအတွင်း ဆရာ ဆိပ်ဖလူးတောသို့ ရောက်သွားခဲ့၏။ ဆိပ်ဖလူးမှော်ရုံတောအတွင်း၌ တိုးဝှေ့ဖြတ်သန်းရင်းနှင့် ဆရာ ထိတွေ့ခံစားခဲ့ရသည်များမှ ‘ဆိပ်ဖလူးရနံ့၌ မိမိကိုယ်ကို တွေ့ရှိခြင်း’ ဖြစ်လာခဲ့သည်ဟု ထင်သည်။
“ဆိပ်ဖလူးရနံ့သည် အောက်ထပ်မှ တတ်လာပေသည်။
ကျနော်နေတာက အဆောင်၏ အစွန်ဆုံးအခန်းထောင့်။ ကျနော်၏ ခေါင်းရင်းက ပြတင်းပေါက်။ ပြတင်းပေါက်ဆိုသော်လည်း တံခါးတပ်ထားခြင်း မရှိ။ တံတိုင်းများဖြင့်သာ တံခါးပေါက်ကို ကာထားသည်။ တံခါးမရှိသဖြင့် ဖွင့်၍မရ။ ပိတ်၍မရ။ မိုးပက်လျှင် ကျူဖျာများ ကာရသည်။ သို့သော် လေကောင်းကောင်းတော့ရသည်။ နေရောင်၊ လရောင်၊ ကြယ်ရောင်များ ဖြာကျစီးဆင်းရာ စိမ်းမြသော ညနှင့် ဆိပ်ဖလူးရနံ့မှာ ဘယ်လို လိုက်မှန်းမသိ”
ဆရာက ဝတ္ထုတိုအစအား ဤသို့ နိဒါန်းချီ၍ နေရာအား မိတ်ဆက်ပေး၏။ ပြီးလျှင် ….
“ငယ်ငယ်ကတည်းက ကျနော်သည် စာဖတ်ဝါသနာပါသည်။ ယခုကား ဘာစာအုပ်မှ မဖတ်ရတော့။ ကျနော့်ဘေး၌ စာအုပ်ပုံမှရှိ၊ လူတွေသာ ရှိသည်။ အခန်းရှည်ကြီးထဲ၌ စုနေ၊ စုအိပ်ရသည်။ ရှောင်ပြေး၍မရ။ သည်လူတွေနှင့် ဆက်ဆံရင်းနှီးရသည်။ ကမ္ဘာလောကကြီး၏ ပုံသေကလေးတခု။ ဤကား ကျောင်းသစ်။
အပြင်ဘက်တုန်းကတော့ သီးခြားနေလိုက်၍ရသည်။ ချစ်သူကို တွေ့နိုင်၍ မုန်းသူကို ရှောင်၍ရသည်။ ယခုကား ထားရာနေ၊ ကျွေးတာစားဟူသော နေရာ။ မိမိအခန်းသို့ ရောက်လာသူ မည်သူနှင့်မဆို ခင်မင်ရင်းနှီးရသည်။ အယူအဆ မတူသူရော၊ တူသူရော။ သို့သော် ကြမ်းတပြေးတည်းပေါ်မှာ နေကြတာ တူသည်။ အစားအသောက်ကလည်း အတူတူ။ လူတန်းစား ခွဲခြားခြင်း မရှိတော့။ အနိမ့်အမြင့် မရှိတော့။ ထိုအခါ ဂုဏ်တု၊ ဂုဏ်ပြိုင်မရှိ။ ပကာသနမရှိ။ ကမ္ဘာဟောင်းနှင့်ကတော့ ခြားနားသွားပြီ။
လူလောက၏ အခြေခံဖြစ်သော အစားအသောက်၊ အဝတ်၊ နေစရာ စသည်တို့အတွက် မပူရပြီဆိုတော့ ဘာရှိတော့သနည်း။ ဘာကျန်တော့သနည်း။ လူတို့၏ ဗီဇသဘာဝများ ပေါ်လာကြသည်။ ဖုံးကွယ်၍မရတော့။”
(ဒဂုန်တာရာ၏ ကြယ်ရိပ်ပန်းနု စာမျက်နှာ - ၈၉၊ ၉ဝ မှ)
ဤတွင် ဆရာသည် ဆိပ်ဖလူးရနံ့၌ တွေ့ရသည့် သူများကို တယောက်ချင်းစီတို့ ထိပြလေ၏။
“တိုက်နယ်အဆင့်ရှိသူတဦးက ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် တဦးထက် တည်ကြည်ခိုင်မာသည်ကို တွေ့ရ၏။ အများအကျိုး ဆောင်ရွက်လိုသောစိတ် လေးနက်သည်ကို တွေ့ရ၏။ ဗဟိုအလုပ်အမှုဆောင် ဆိုသူကမူ အခွင့်အရေး ရရန်သာ လုံးပမ်းနေ၏။ အရာရှိတယောက်က ယခင်ကမူ သူ့အား မှန်ကားအတွင်း၌သာ တွေ့နိုင်ခဲ့၏။ ဘတ်စ်ကား ဘယ်တော့မှမစီး။ ‘ချွေးစော် နံလွန်းလို့ဗျာ’ ဟု ပြောတတ်၏။ ယခုက ဘုရားပုရဝုဏ်အတွင်း ပုတီးစိတ်နေ၏။
ကုန်သည်နှင့် လုပ်ငန်းရှင်တို့က အေးအေးဆေးဆေးနေကြသည်။ အားလုံးနှင့် သင့်မြတ်သည်။ အငြင်းအခုန်ဖြစ်လျှင် ဘယ်ဘက်မှမပါ။
စာရေးဆရာတယောက်က အမြဲတမ်း တွေးနေ၏။ စကားများများ မပြော။ သူ့ကဗျာများက နု၏။ သူ့ဝတ္ထုများက လူဘဝအကြောင်း သရုပ်ဖော်ထားသည့် ဝတ္ထုများ။ တွေးနေငေးနေ၍ စကားနည်းသော်လည်း သူ့ကို လာ၍မေးလျှင် ဂဃနဏ ပြန်ဖြေတတ်၏။ သူသိသည်ကို စိတ်ရှည်ရှည်နှင့် ရှင်းပြတတ်၏။ မမေးလျှင်တော့ ဘာမှမပြော။ သူက အမှန်တရားကို ရှာဖွေနေသည်ဟု ထင်မိသည်”
(ဒဂုန်တာရာ၏ ကြယ်ရိပ်ပန်းနု စာမျက်နှာ - ၉ဝ၊ ၉၁ မှ)(၅)
ဆိပ်ဖလူးရနံ့၌ ဆရာသည် ကဗျာများကိုလည်း သီကုံးဖွဲ့၏။ စာရေးစက္ကူမရှိ၊ ကလောင်တံမရှိသော ဆိပ်ဖလူးတော၌ ဆရာသည် ကဗျာအား စိတ်တွင်ရေး၍ စိတ်နှင့်ပြင်၊ စိတ်အတွင်း၌ပင် …. အချောသတ်၍ … နှုတ်နှင့်ချပေးပြီး၊ တခြားအခန်းဖော် အကျဉ်းသားတဦးအား မှတ်သားစေခြင်းနည်းနှင့် ရေးဖွဲ့ရ၏။
“သူနှင့် ကျနော်နဲ့က အတူနေရတာ စာပေလည်း သူက ဝါသနာပါတယ်လေ။ ကိုအောင်ဝေတဲ့။ ကျနော်စိတ်ထဲမှာ စပ်လို့ရတာကို သူ့ကို ကျက်မှတ်ခိုင်းထားရတယ်။ သူက အလွတ်ရအောင် မှတ်ထားတယ်။ ဘယ်နေရာ ရောက်ပြီလဲ သူ့ကို ပြန်ဆိုခိုင်းရတယ်”
ဤသို့နှင့် ဆိပ်ဖလူးရနံ့၌ ‘နှင်းဆီထုံသောည’ အား ဆရာ ရေးဖွဲ့၏။
“နှင်းဆီထုံသော ည”
မောင့်ရင်ခွင်၌
ခေါင်းတင်မှီနွဲ့ စကားဖွဲ့စဉ်
မယ့်ဆံနွယ်မြိတ် နားထင်လိပ်လွင့်
ရဲစွေးရင့်နီ ညနှင်းဆီကို
ကေသီပန်စိုက် ယဉ်ခွေဝိုက်ထက်
ပွင့်ငိုက်ညွတ်ညွတ်၊ နှင်းသက်ဆွတ်မြ
ခေါင်းမှရနံ့၊ သင်းပျံ့ပျံ့တည့်
ညက်ညံ့ညောညင်၊ နုပါးပြင်ကို
ရင်၌အပ်ထွေး၊ မှေးစင်းအနမ်း
ပန်းလျလိုက်လျော၊ မေ့မေ့မြောသည်
ကြည်မောမှေးရီဝေခဲ့၏။
နေဝန်းနီနီ၊ ငါ့ဆီပြေးလာ
ရင်မှာပူလှ၊ မောလျပါဘိ
အေးမြစက်စက်၊ ခြေနှစ်ဖက်တို့
ယက်ရင်းလုံးလုံး၊ စုန်းစုန်းနစ်စိုင်း
နက်ရှိုင်းသည့်ချောက်၊ ပင်လယ်အောက်သို့
ကျောက်ခက်ငြိတွယ်၊ ငါးမန်းစွယ်လား
ကယ်သူမဲ့ကင်း၊ ဖြည်းညင်းဆိပ်ပျံ့
ယမ်းနံ့သွေးနံ့၊ ချွေးညှီနံ့တို့
ဆန့်ငင်ကျောဆိုင်း၊ အောက်ပိုင်းထုံသေ
လေအားသဲ့သဲ့၊ မှုန်လဲ့လဲ့သည်
ယဲ့ယဲ့ငွေ့ငွေ့ လှပ်လှပ်တည်း။
သတိရသော်
ဘာမျှမမြင်၊ မြူရပ်ခွင်ချည့်
မြေပြင်တိမ်မိုး၊ ထင်ယိုးမိမှား
နေ့လားညလား၊ မကွဲပြားပြီ
လွင့်ပါးဆွတ်ပျံ့၊ ဘာရနံ့နည်း
အနံ့လာရာ၊ မျက်နှာမော့ရန်
အားထုတ်ပြန်ဘိ၊ ရှုမိသင်းရီ
နှင်းဆီရနံ့၊ သူ့အနံ့လေ။
ဆိပ်ဖလူးရနံ့အတွင်း နှင်းဆီရနံ့တို့က ထုံသင်း၍နေ၏။
ည…။
ညသည် ရီရီဝေဝေ ….။
ဆိတ်ဖလူးဗေဒ
Sunday, October 31, 2010
အကြောင်းအရာ:
ဆောင်းပါး
အချိန်က : 9:46 AM
0 comments:
Post a Comment