ဘုရားဂုဏ်တော်ကိုးပါးရဲ့အနက်အဓိပ္ပါယ်

Tuesday, July 5, 2011




အရဟံ
ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရား၊
ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရား၊
လူမင်း၊နတ်မင်း၊ဗြဟ္မာမင်းနှင့်တကွလူ၊နတ်၊ဗြဟ္မာ၊သတ္တ၀ါအားလုံးတို့`၏ ပူဇော်အထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရား။

သမ္မာသမ္မုဒ္ဓေါ
သိစရာအားလုံးတို့ကို အမှန်အတိုင်း ကိုယ်ပိုင်ညဏ်ဖြင့်သိတော်မူသောမြတ်စွာဘုရား။

ဝိဇ္ဇာစရဏသမ္မန္နော
အသိညဏ်ရော၊ အကျင့်ပါပြည့်စုံတော်မူသောမြတ်စွာဘုရား။
(၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား)

သုဂတော
ကောင်းသောစကားကိုဆိုတော်မူသော မြတ်စွာဘုရား၊
(မှန်ကန်၍အကျိုးရှိသောစကားကို ဆိုတော်မူသောမြတ်စွာဘုရား)
ကောင်းသောနိဗ္ဗာသို့ကြွတော်မူသော မြတ်စွာဘုရား။

လောက၀ိဒူ
လောကသုံးပါးကို သိတော်မူသောမြတ်စွာဘုရား။
(သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူသောမြတ်စွာဘုရား)

သတ္တလောက----------ဗုဒ္ဓရှင်တော်မြတ်ဘုရားက လောကသုံးပါး အကြောင်းများကို ထင်ရှားစွာ ဟောကြားတော်မူခဲ့ပါတယ်။ ဗုဒ္ဓဘုရားရှင် ပွင့်တော်မမူခင်ကဆိုရင် သက်ရှိသတ္တ၀ါဆိုတာ လူနဲ့ တိရိစ္ဆာန်လောက်ပဲရှိတယ် လို့ယူဆခဲ့ကြပါတယ်။ ဘုရားရှင်ပွင့်တော်မူပြီး ဟောဖော်ညွှန်ပြတဲ့အတွက်ကြောင့် လူနဲ့ တိရစ္ဆာန် တို့သာမက ငရဲသတ္တ၀ါ၊ ပြိတ္တာများ၊ နတ်ဗြဟ္မာများလဲ ရှိကြသေးကြောင်း သိရှိကြရပါတော့တယ်။

သြကာသလောက------------သက်ရှိသက်မဲ့တွေရဲ့ တည်ရာမှီရာဖြစ်တဲ့ ကမ္ဘာလောကကြီးကို “သြကာသလောက”လို့ခေါ်ပါတယ်။ ဘုရားရှင် ပွင့်တော်မမူခင်က ဆိုရင် မျက်မြင် ကမ္ဘာလောကလောက်သာ တွေ့မြင်ခဲ့ကြရပါတယ်။ဘုရားရှင် ပွင့်တော်မူပြီး ဟောဖော်ညွှန်ပြတဲ့ အတွက် ကျွန်ုပ်တို့ ကမ္ဘာလောကကဲ့သို့ သက်ရှိသတ္တ၀ါတွေနဲ့ တကွဖြစ်တဲ့ ကမ္ဘာလောကတွေဟာ မရေမတွက်နိုင်လောက်အောင်ပင်ရှိ ကြသေးကြောင်းသိမြင်ခွင့်ရရှိကြရပါတော့တယ်။

သခါင်္ရလောက-------------ဘုရားရှင်မပွင့်ပေါ်ခင်ကဆိုရင် သက်ရှိသတ္တ၀ါတွေကို အတ္တ(အသက်ကောင်)လို့ထင်မှတ်ခဲ့ကြပါတယ်။ ငါ၊ သူတစ်ပါးတွေရယ်လို့ယူဆခဲ့ကြပါတယ်။ သက်မဲ့အရာဝတ္ထုတွေကိုလဲ အကောင်အထည် အတုံးအခဲရယ်လို့ ထင်မှတ်ခဲ့ကြပါတယ်။ဗုဒ္ဓဘုရားရှင်ပွင့်တော်မူပြီး ဟောဖော်ညွှန်ပြတဲ့အတွက်ကြောင့် သက်ရှိသတ္တ၀ါဆိုတာ အကြောင်းအားလျော်စွာ ပေါင်းစပ်နေတဲ့ နာမ်နှင့် ရုပ်တွေသာဖြစ်တယ်။ သက်မဲ့ဖြစ်ကြတဲ့ တော၊ တောင်၊ ရေ၊ မြေ၊ ၀တ္ထု ပစ္စည်းတွေဟာလဲ အကြောင်းအားလျော်စွာ ဆက်ကာဆက်ကာ ဖြစ်နေကြတဲ့ ရုပ်ကလာပ် အမှုန့်တွေသာ ဖြစ်ကြတယ်။ အတ္တမရှိ၊ သူမရှိ၊ ငါမရှိတဲ့ သခါင်္ရလောက အစစ်အမှန်သာ ဖြစ်တယ်လို့ သိမြင်နိုင်ခွင့်ရရှိကြပါတော့တယ်။

အနုတ္တရောပူရိသဒမ္မသာရထိ
ဆုံးမထိုက်သောသတ္တ၀ါတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။

သတ္တဒေ၀မနုဿာနံ
နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသောမြတ်စွာဘုရား
(နတ်လူတို့အား ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်စွာဘုရား)

ဗုဒ္ဓေါ
သတ္တလေးပါးကို ကိုယ်တိုင်လည်းသိတော်မူ၊ သူတစ်ပါးတို့ ကိုလည်း သိအောင် ဟောတော်မူသောမြတ်စွာဘုရား။
(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ)

ဘဂ၀ါ
ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား

ဘုန်းတော်ခြောက်ပါး
၁။ ဣဿရိယဘုန်းတော်
မိမိစိတ်ကိုရော၊ တလောကလုံးကိုပါအစိုးရတော်မူသောမြတ်စွာဘုရား
၂။ ဓမ္မဘုန်းတော်
မင်္ဂ၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။
၃။` ယသဘုန်းတော်
များပြားသောအခြံအရံ၊ ပျံ့နှံ့သောအကျော်အစောနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား။
၎။ သီရိဘုန်းတော်
အတုမရှိသော ကျက်သရေတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။
၅။ ကာမဘုန်းတော်
လိုအင်ဆန္ဒတောင့်တမှုမှန်သမျှ ခဏချက်ချင်းပြည့်ဝတော်မူသောမြတ်စွာဘုရား။
၆။ ယတ္တဘုန်းတော်
အတုမရှိသောလုံ့လ၀ီရိယနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။

ဘုရားဂုဏ်တော်ကိုးပါးရဲ့ လိုရင်းအဓိပ္ပါယ်တွေကို မြန်မာလို သိထားသင့်ပါတယ်။ အလွတ်ရအောင် ကျက်ထားပြီး အနည်းဆုံးတစ်နေ့တစ်ခေါက် ပါဠိလိုရော မြန်မာလိုပါ ပွားများသွားမယ်ဆိုရင် မေ့မှာလည်း မဟုတ်တော့ပါဘူး။ အကျိုးလည်းအင်မတန်ကြီးပါတယ်။ မြန်မာလူမျိုးတွေအနေနဲ့မြန်မာလို ဂုဏ်တော်ပွားတာအကောင်းဆုံးပါပဲ။ အဓိပ္ပါယ် ရင်ထဲရောက်တဲ့အတွက် ဘုရား ကိုလည်း ပိုကြည်ညိုပါ တယ်။ ဓာတ်ကောင်းတွေကိုလဲ ပိုကူးစက်ပါတယ်။ တန်ခိုးသတ္တိလည်းပိုထက်မြက်ပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ်ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ဘုရားဂုဏ်တော်ကိုးပါးရဲ့အနက်အဓိပ္ပါယ်များကို သိစေ လိုတဲ့ အတွက် ဒီဘလော့ပို့စ်လေးကိုရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

မှတ်ချက်။ ။ရွှေပါရမီတောရ “အရှင်ဆန္ဒာဓိက”၏ “လိုတရနှလုံးသား” စာအုပ်မှကိုးကားသည်။
(ခင်မင်လျှက် နတ်ဆိုးလေး)

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger