တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ အရှိန်မြင့်လာ မြစ်ကြီးနား-ဗန်မော်လမ်းကြောင်းရှိ KIA တပ်များအားလုံး ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား ရုပ်သိမ်းပေးရန် တပ်မတော်မှ အကြောင်းကြားချက်အပေါ် KIO ကန့်ကွက်

Tuesday, December 25, 2012

ha-26-12-1
ဒီဇင်ဘာလ ၂၅ ရက်နေ့ (ခရစ်စမတ်) ည ၉ နာရီဝန်းကျင်အချိန်က မြစ်ကြီးနားမြို့တွင်း တစ်နေရာ
တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ­­­­­­်မတော်(KIA) တို့အကြား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှစတင်ကာ တိုက်ပွဲများ အရှိန်မြင့်လာကြောင်း သိရှိရသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖော်ဆောင်ရေးအဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက “၂၃ ရက်ကစပြီး နှစ်ဖက်တိုက်ပွဲ အရမ်းပြင်းထန်လာတဲ့ သဘောရှိတယ်။ ကြားရတဲ့အခြေအနေအရ တပ်မတော်က KIA စစ်ဌာနချုပ်ရှိတဲ့လိုင်ဇာကို သိမ်းဖို့အတွက် အဓိက စစ်ရှိန်မြှင့်တယ်လို့ သိရပါတယ်။ အခု လိုင်ဇာကိုသိမ်းဖို့ လဂျားယန်မှာ တိုက်ပွဲပြင်းထန်နေတဲ့ ပုံစံဖြစ်ပါတယ်။ တပ်မတော်က လဂျားယန်ကို ကျော်လို့မရသေးဘူးလို့ ကြားရပါတယ်။ ဒီနေ့ (ဒီဇင်ဘာလ ၂၅ ရက်) နေ့မှာ ဗန်းမော်ဘက်ကို စစ်ကားအစီးရေ ၂၀ ထပ်တက်သွားတယ်လို့ ကြားရပါတယ်” ဟု ဒီဇင်ဘာလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
“ဒီရက်ပိုင်းဖြစ်နေတဲ့ တိုက်ပွဲအရှိန်တွေက KIO ဌာနချုပ်နဲ့နီးတဲ့ လဂျားယန်၊ ဘူးခါးရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရှိတဲ့ ရွှေညောင်ပင်ရွာတစ်ဝိုက်၊ ပန်ဝါတစ်ကြောနဲ့ ချီဗွေဝန်းကျင်တွေမှာ နေ့တိုင်းနီးပါး ဆက်တိုက်လို ဖြစ်နေတယ်။ အထူးသဖြင့် အဲဒီနေရာတွေမှာ ABSDF (မြောက်ပိုင်း) တပ်နဲ့ KIA ပူးပေါင်းတပ်တွေဆိုတာ ပေါ်လာကတည်းက ပိုဖြစ်လာတယ်။ ABSDF (မြောက်ပိုင်း) ဆိုတာက အခုဒီရက်ပိုင်းမှ ပြန်ကြားလာတာ။ အရင်က ဒီလောက်ရှိခဲ့တာ မဟုတ်ဘူး။ ပူးပေါင်းတပ်တွေပေါ်လာမှ တိုက်ပွဲအရှိန်တွေ ပိုပြင်းလာတယ်” ဟု စစ်ဖြစ်ရာဒေသ၀န်းကျင်အနီးမှ ဒေသခံတစ်ဦးက ပြောသည်။
ဗလမင်းထင်တံတားအနီး ည ၉ နာရီကျော်ခန့်အချိန်တွင် သေနတ်သံများ သုံးရက်ဆက်တိုက် ကြားရသည်ဟု မြစ်ကြီးနားဒေသခံများက ဒီဇင်ဘာလ ၂၅ ရက်က ပြောကြားသည်။ တံတားကို ည ၆ နာရီမှ နံနက် ၆ နာရီအထိ ပိတ်ထားသည်။ ည ၇ နာရီအချိန်မှစတင်ပြီး မည်သည့်ဖြတ်သန်းမှုကိုမျှ ခွင့်မပြုကြောင်း သိရသည်။ ဗလမင်းထင်တံတားသည် မြစ်ကြီးနားမြို့၊ ၀ိုင်းမော်မြို့အပြင် တရုတ်နိုင်ငံကို ဆက်သွယ်ထားသော အဓိကတံတားဖြစ်ပြီး မြစ်ကြီးနားမြို့ အရှေ့ဘက်အခြမ်း မြစ်ကြီးနားမြို့တွင်းနှင့် သုံးမိုင်ခန့်အကွာတွင် ရှိသည်။

လဂျားယန်၊ ဘူးခါးရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရှိတဲ့ ရွှေညောင်ပင်ရွာတစ်ဝိုက်၊ ပန်ဝါတစ်ကြောနဲ့ ချီဗွေဝန်းကျင်တွေမှာ နေ့တိုင်းနီးပါး ဆက်တိုက်လိုဖြစ်နေတယ်။ အထူးသဖြင့် အဲဒီနေရာတွေမှာ ABSDF (မြောက်ပိုင်း) တပ်နဲ့ KIA ပူးပေါင်းတပ်တွေဆိုတာ ပေါ်လာကတည်းက ပိုဖြစ်လာတယ်။ ABSDF (မြောက်ပိုင်း) ဆိုတာက အခုဒီရက်ပိုင်းမှ ပြန်ကြားလာတာ။ အရင်က ဒီလောက်ရှိခဲ့တာ မဟုတ်ဘူး။ ပူးပေါင်းတပ်တွေပေါ်လာမှ တိုက်ပွဲအရှိန်တွေ ပိုပြင်းလာတယ် . . .

ဒီဇင်ဘာလ ၂၃ ရက် မွန်းလွဲပိုင်းတွင် မလိရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရှိရာအနီး လက်နက်ကြီးသံများ ကြားရကြောင်း သိရသည်။ လက်နက်ကြီးပစ်ခတ်မှု ပြင်းသဖြင့် ၁၂ မိုင်ခန့်အကွာအဝေးမှ တောင်များတုန်ခါခဲ့သည်ဟု ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားခဲ့သည်။ လက်နက်ကြီးအရှိန်ကြောင့် တောထဲ၌ တောင်ယာခုတ်နေ၊ ထင်းခုတ်နေသူများအားလုံး ရွာသို့လန့်ပြေးခဲ့ရသည်ဟု အဆိုပါဒေသခံက ဆက်လက်ပြောကြားခဲ့သည်။ ဒီဇင်ဘာလ ၂၄ ရက်ညကလည်း ရွှေညောင်ပင်ကျေးရွာဝန်းကျင်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
“၂၃ ရက်နေ့ နေ့လည်ပိုင်းလောက် တပ်မတော်လေကြောင်းကနေပြီးတော့ ဘူးခါးရေအားလျှပ်စစ်စက်ရုံကို လက်နက်ကြီးနဲ့ပစ်ပါတယ်။ ဒီစက်ရုံက မဖြိုခွဲခံရခင်အထိ KIA ဘက်ကနေ တာဝန်ယူပြီးတော့ လျှပ်စစ်ဓာတ်အား ပေးထားတာပါ။ လေကြောင်းကနေ စတိုက်တာကတော့ ကျွန်တော်သေချာမသိဘူး။ ဒီဇင်ဘာ ၂၄ ရက်နေ့က တော့သုံးကျော့လောက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်။ စစ်သားတွေက ကတုတ်ကျင်းထဲမှာ နေနေလို့ရပါတယ်။ ရွာသားတွေကတော့ သေနတ်သံကြားလို့ ပြေးလွှားရတော့ ဒဏ်ရာနဲ့ အသေအပျောက် များတတ်ပါတယ်။ လိုင်ဇာမှာဖွင့်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ လူဦးရေ တိုးလာတယ်။ စာရင်းကတော့ အတိအကျ မသိရသေးဘူး” ဟု KIO ဗဟိုကော်မတီဝင်တစ်ဦးက ပြောကြားခဲ့သည်။
“ပန်ဝါနဲ့ မိုင် ၂၀ ၀န်းကျင်သာဝေးတဲ့ မိုင်တိုင်အမှတ် ၅ နဲ့ ၆ ကြားမှာ ဒီဇင်ဘာလဆန်းပိုင်းတည်းက  ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်။ ဒီလမှာ ဖြစ်နေတာကတော့ အများဆုံးပဲ။ အဲဒီနေရာက တရုတ်-မြန်မာနယ်စပ်လည်း ဖြစ်တယ်။ အဲဒီဘက်မှာတော့ စစ်ရှောင်ကချင်ရွာတွေ၊ ရွာပျက်တွေပဲ ရှိတယ်။ အခုလပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့တယ်” ဟု ပန်ဝါဒေသခံတစ်ဦးက ပြောပါသည်။
“ဒီဇင်ဘာလ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့မှာ ချီဗွေနားက ကန်ပိုင်ယန်မှာ လက်နက်ကြီးပစ်ခတ်သံတွေ ကြားတယ်။ ဘယ်သူတွေပစ်ကြမှန်း မသိဘူး။ နောက်ပြီး လေးငါးဆယ်မိနစ်ကိုတစ်ကြိမ် တဒက်ဒက်နဲ့ ပစ်နေကြတာ။ ချီဗွေမှာလည်း ဒုက္ခသည်တွေ တိုးလာတယ်။ အခုဆိုရင် ၄၀၀ ကျော်တောင်ရှိပြီ။ ဒုက္ခသည်စခန်းတောင် နှစ်ခုဖြစ်နေပြီ။ အခုအခြေအနေတွေအရ အရင်ကဆိုရင် ချီဗွေဒေသကို ကားလေးငါးစင်း နေ့တိုင်းဝင်ပေမယ့် အခုဆိုရင် တစ်စီးပဲဝင်တယ်။ ချီဗွေအနီးက ဂျိတ်လွယ်၊ နဘုတ်၊ ရစ်သန်း၊ ရစ်ကျော်၊ ဘုတ်ထော်ကျေးရွာသားတွေလည်း ချီဗွေမြို့ကို ပြောင်းနေကြတယ်။ အဲဒီရွာတွေက တပ်ပိုင်နယ်မြေထဲမှာ ရှိတယ်။ အဲဒါကို KIA က ပြန်စီးခဲ့တယ်၊ အခုကျတော့ အစိုးရတပ်စခန်းတွေက အဲဒီကုန်းတွေမှာ တပ်ပြန်ထိုင်ထားတယ်” ဟု ချီဗွေဒေသခံ ကျေးရွာသားတစ်ဦးက ပြောကြားခဲ့သည်။
မြစ်ကြီးနား-ဗန်းမော်လမ်း ကြောင်းရှိ KIA တပ်များအားလုံး ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား ရုပ်သိမ်းပေးရန် တပ်မတော်မှ KIA သို့ ဒီဇင်ဘာလ ၂၃ ရက်တွင် အကြောင်းကြားခဲ့သည်။
ညွှန်ကြားချက်တွင် လဂျားယန်တပ်စခန်းအတွက် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် အဆိုပါလမ်းကြောင်းအတိုင်း တပ်များဝင်ရောက်ရန်ရှိကြောင်း၊ ထို့ကြောင့်လမ်းတစ်လျှောက်ရှိ KIA  တပ်များအားလုံးကို ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ နောက်ဆုတ်ပေးရေးကို သတိပေးကြောင်း ပါရှိသည်။
“မနေ့ကည (ဒီဇင်ဘာလ ၂၃ ရက်နေ့) မှာ တိုင်းမှူးက ကျွန်တော်တို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ကို ပြောတယ်။ မြစ်ကြီးနား-ဗန်မော် လမ်းကြောင်းမှာရှိတဲ့ KIA တပ်တွေကို ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးဖို့အတွက်စာကို တရားဝင် အကြောင်းကြားပေးပါဆိုပြီး ပြောလာတယ်။ မနက်ဖြန် (ဒီဇင်ဘာလ ၂၅ ရက်နေ့) နောက်ဆုံးထားပြီး မဖယ်ရင် တိုက်မယ်ဆိုတဲ့အကြောင်း အကြောင်းကြားခိုင်းပါတယ်။ အဲဒါကို ကျွန်တော်တို့အဖွဲ့က ဒီကနေ့ (ဒီဇင်ဘာ လ ၂၄ ရက်နေ့) မှာ KIA ကို အကြောင်းကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIA ဘက်က တုံ့ပြန်တာကတော့ ဒီနေ့ KIO ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်ကနေ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းထံ အကြောင်းပြန်လိုက်ပါတယ်။ တိုင်းမှူးပေးပို့တဲ့စာသည် KIA ကို ရာဇသံချတဲ့အနေနဲ့ အမိန့်ပေးတယ်။ ဒီလိုလုပ်တယ်ဆိုတာကို KIO  အနေနဲ့ ကန့်ကွက်ပါတယ်ဆိုတဲ့ အကြောင်းပြန်စာကို ဒီနေ့ (ဒီဇင်ဘာလ ၂၄ရက်နေ့) ပဲ အကြောင်းပြန်လိုက်ပါတယ်” ဟု ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖော်ဆောင်ရေးအဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ဒီဇင်ဘာလ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
KIO မှ ဦးအောင်မင်းထံ ပေးပို့သည့်စာတွင် “ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီနှင့် KIO ဆွေးနွေးရေးအဖွဲ့တို့သည်
တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့် ညှိနှိုင်းကြိုးပမ်းဆောင်ရွက်နေချိန် ဖြစ်ပါကြောင်း၊ ထိုသို့အပြန်အလှန် ဆက်သွယ်ညှိနှိုင်းလျက် ရှိချိန်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် PCG မှတစ်ဆင့် လဂျားယန်တပ်စခန်းသို့ အုပ်ချုပ်မှုဆောင်ရွက်ရန် လမ်းကြောင်းတစ်လျှောက်ရှိ KIA အဖွဲ့များအား ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ ဆုတ်ပေးရန် သတိပေးလာခဲ့သည်။ ဤသို့စစ်ရေးနည်းဖြင့် ဖြေရှင်းရန် ရာဇသံပေးခြိမ်းခြောက်လာမှုကို KIO ဆွေးနွေးရေးအဖွဲ့မှ ကန့်ကွက်ပါကြောင်း အကြောင်းကြားအပ်ပါသည်” ဟူ၍ ပါရှိသည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်မျိုးစုံ၊ အဖွဲ့အစည်းမျိုးစုံ ပေါ်ပေါက်လာပြီး ပြည်တွင်းလက်နက်ကိုင် ဆူပူမှုများ ဖြစ်ပွားရာတွင် ကချင်ပြည်နယ်လည်း ပါဝင်လာခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်အရ ၁၉၆၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ လာရောက်ဆွေးနွေးသော်လည်း သဘောတူညီမှု မရရှိခဲ့ဘဲ တိုက်ပွဲများသာ ဆက်လက်ဖြစ်ပွားခဲ့သည်။
၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ အပစ်အခတ်ရပ်စဲပြီးနောက် ၁၇ နှစ်အကြာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်တွင်မူ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တစ်ကျော့ပြန် တိုက်ပွဲများဖြစ်ပွားမှု ရှိလာကာ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် တာပိန်ရေအားလျှပ်စစ် တည်ရှိရာဒေသတစ်ဝိုက်တွင် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ရခြင်း၊ လူမှုရေး၊ စီးပွားရေးထိခိုက်လာမှုတို့ကြောင့်  ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတက ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ထံ ကချင်ပြည်နယ်ရှိ ကေအိုင်အေတပ်စခန်းများအား တပ်မတော်မှ ချီတက်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမပြုရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
http://www.news-eleven.com/index.php?option=com_content&view=article&id=17008:-kia-kia-kio-&catid=42:2009-11-10-07-36-59&Itemid=112

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger