ဆိုင်ကယ်စတန့် ၊ ကားစတန့်တွေကြောင့် မအေးချမ်းကြ

Saturday, July 6, 2013

ညဘက်တွေမှာ အုပ်စုလိုက် ဆိုင်ကယ်စတန့်လုပ်တာတွေ၊ ပြိုင်ကား ကားစတန့်လုပ်တာတွေကြောင့် ယာဉ်အန္တရာယ် ဖြစ်မှာစိုးရိမ်နေတယ်လို့ မန္တလေးမြို့ခံအချို့က ပြောပြပါတယ်။

အသစ်ဖောက်လုပ်လိုက်တဲ့ ၆၆ လမ်းမ(၃၂x၃၅ ကြား)လမ်းမပေါ်မှာ ညကိုးနာရီနဲ့ ဆယ်နာရီဝန်းကျင်လောက်တွေမှာ ဆိုင်ကယ်အုပ်စုလိုက် ရှေ့ဘီးထောင်တာတွေ၊ လက်လွှတ်မောင်းတာတွေနဲ့ အိပ်ဇောသံတွေဆူညံနေတာတွေကြောင့် အနီးဝန်းကျင်က အိမ်တွေက ယာဉ်တိုက်မှုဖြစ်မှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

“ဒီလမ်းဖောက်ထားတာ မကြာသေးဘူး။ လမ်းကဖြူးနေတာဆိုတော့ ဆိုင်ကယ်တွေ၊ ပြိုင်ကားတွေက ညဆိုရင်ရောက်လာပြီ ။ ဆိုင်ကယ်တွေက အုပ်စုလိုက်တွေ အများကြီးပဲ။ အစီး၂၀ ကျော်တယ်။ လမ်းတောင်ဖြတ်မကူးရဲဘူး။ ကြောက်လို့ အပြင်လည်းမထွက်ဘူး။ ဒါပေမယ့် အသံတွေကဆူညံနေတာပဲ။”လို့ အနီးဝန်းကျင်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

အသစ်ဖောက်လုပ်လိုက်တဲ့ ၃၂x၃၅ လမ်းကြား ၆၆ လမ်းနေရာဟာ လမ်းမဖောက်လုပ်ခင်က မန္တလေးပညာရေးကောလိပ်ကျောင်းဝင်းကြီး တည်ရှိနေပါတယ်။ လမ်းဖောက်လုပ်လိုက်တဲ့ အတွက်ပညာရေးကောလိပ်ဝင်းက အရှေ့ဘက်၊ အနောက်ဘက် နှစ်ခြမ်းကွဲသွားပြီး သင်တန်းသားတွေကလည်း လမ်းဖြတ်ကူးပြီးမှ စာသင်ခန်းကို သွားရတာပါ။

“ကျောင်းနားလေးမှာတော့ အချက်ပြမီးတပ်ထားတယ်။ ဆိုင်ကယ်တွေက ညပိုင်းဆို အရမ်းမောင်းတာ။ လမ်းမှာ မီးကလည်း မရှိသေးတော့ ညဘက်ဆို အ၇မ်းမှောင်တယ်။ ဆိုင်ကယ်စတန့်တွေက တော်တော်ဆိုးတယ်။
တစ်ခုခုဖြစ်မှာကို စိုးရိမ်တယ်။ ဒါလေးကို ထိန်းသိမ်းပေးနိုင်ရင်တော့
ကောင်းပါတယ်”လို့ ကောလိပ်ကျောင်းဝင်းနားမှာ နေထိုင်တဲ့ မြို့ခံအချို့ ကပြောပါတယ်။

“မိန်းနားလေးမှာလည်း ဒီလောက်လှုရှုပ်နေတာကို ဆိုင်ကယ် ဒို နှစ်စီး ရှေ့ဘီးထောင်နေတာ၊ သူတို့ကို ရှောင်ကွင်းသွားရတယ်။ ဘေးလူတွေ ထိခိုက်မိမှာ စိုးရိမ်ရတယ်”လို့ တက္ကသိုလ်ဝင်းထဲမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့လည်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ထိခိုက်မှု လျော့နည်းစေရေးအတွက် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းချိုးဖောက်သူတွေကို စစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးစစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်လျှက်ရှိပါတဲ့အပြင် ညပိုင်းတွေမှာပါ စစ်ဆေးအရေးယူမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

မန္တလေးခေတ်

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger